Not to do any evil, To do good, To purify the mind.

အမှန်တရားအတွက်


အမှန်တရားကို ရှာဖွေသူအား သဘောတရားတခုကို
မည်သည့်နေရာမှပင်ရသည်ဖြစ်စေ၊ နေရာသည်အရေးမကြီးပါ။

၎င်းသဘောတရားသည် မည်သည့်အခြေမှဖြစ်ပေါ်ခဲ့သည်။
မည်ကဲ့သို့ တိုးတက်ပြန့်ပွားလာခဲ့ပေသည် စသည်တို့မှာ
ပညာရှင်တို့ဆွေးနွေးရန်သာဖြစ်လေသည်။

အမှန်စင်စစ် သစ္စာတရားကိုနားလည်ဖို့ရန်အတွက်
ဗုဒ္ဓကိုတော်ဟောကြားသောတရားလေလော၊
အခြားတစ်စုံတစ်ယောက်ကဟောကြားလေသလောဟု သိရှိနေရန်ပင်မလိုပေ။
သစ္စာတရားကိုတကယ်သိမြင်၍ သဘောပေါက်နားလည်ရန်သာ အဓိကဖြစ်ပေသည်။

မဇ္ဈိမနိကာယ်၊ သုတ္တံအမှတ် ၁၄၀ တွင်
ဤချက်ကိုထင်ရှားစေသောအရေးကြီးသည့်ပုံဝတ္ထုတစ်ပုဒ်ပါရှိလေသည်။

အခါတပါးတွင် ဗုဒ္ဓသည်အိုးထိန်းသည်တစ်ဦး၏ တင်းကုတ်၌ တစ်ညဥ့်အိပ်နားနေ၏။
ထိုတင်းကုတ်မှာပင် အလျင်ရောက်နှင့်နေသော
တောပျော်(တောထွက်) ရသေ့တစ်ဦး ရှိနေပေသည်။
တစ်ဦးနှင့် တစ်ဦးသိကျွမ်းကြသည်မဟုတ်ချေ။

ဗုဒ္ဓသည် ထိုရသေ့ကိုမြင်၍ “ ဤရသေ့ငယ်၏ အမူအရာသည် နှစ်လိုဖွယ်ရှိလှ၏။
သူ့အကြောင်းကို စုံစမ်းရပါမူကောင်းလေစွ” ဟု
အောက်မေ့ပြီးလျင်….
“ အိုဘိက္ခု သင်မည်သူ့ကိုရည်မှန်း၍ တောထွက်ခဲ့သနည်း၊
သင့်ဆရာကား မည်သူပေနည်း၊
မည်သူ့အယူဝါဒကို သင်နှစ်ခြိုက်ပေသနည်း “ ဟု မေးမြန်းလေသည်။

“ အို ငါ့ရှင်၊ သကျမင်းမျိုးတို့ကို စွန့်လွတ်၍ တောထွက်သွားခဲ့သော
သကျသာကီဝင် ဂေါတမဆိုသူ တောထွက်တစ်းပါးရှိပါသည်။
သူသည် ရဟန္တာဖြစ်ပြီ၊ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ပြီ ဟုကျော်ကြားလျက် ရှိပါသည်။
ဤ ဘုရားဂေါတမကို တိုင်တည်၍ ကျွန်ုပ်တောထွက်ခဲ့ပါသည်။
ဗုဒ္ဓသည် ကျွန်ုပ်၏ ဆရာဖြစ်၍ ၎င်း၏၀ါဒကို နှစ်ခြိုက်ပါသည်”
ဟု ရသေ့ငယ်က ပြန်ဖြေကြားပေသည်။

“ ဤသမ္မာသမ္ဗုဒ္ဓ ရဟန္တာသည် ယခုအခါ ဘယ်မှာသတင်းသုံးပါသနည်း “
“ ငါ့ရှင် ဤမှမြောက်အရပ်တွင် သာဝတ္ထိပြည်ကြီးရှိပေသည်။
အဲ့ဒီ သာဝတ္ထိပြည်တွင် ထိုသမ္မာသမ္ဗုဒ္ဓဘုရား ရဟန္တာ
ယခုသီတင်းသုံးနေထိုင်တော်မူပေသည်” ။
“ ထိုမြတ်စွာဘုရားကို အသင်မြင်ဖူးပါသလော၊
မြင်တွေ့ရလျှင် မြတ်စွာဘုရားဟု သိရှိမှတ်မိပါမည်လော “ ။
“ မဖူးမျှော်ဖူးးပါ မြင်လျှင်လဲ သိမည်မဟုတ်ပါ “ ။

ဤ အမည်မသိရသေးသော လူငယ်သည် မိမိအား အာရုံပြု၍
တောထွက်ပြီး ရသေ့လုပ်လာကြောင်း ဗုဒ္ဓသည် ရိပ်စားမိလာသည်။
ကိုယ်တော်တိုင် မည်သူဖြစ်ကြောင်း ထုတ်ဖော်၍မပြောပြသေးဘဲ ---
“ အို ဘိက္ခု။ ကျွန်ုပ် တရားဟောပြမည်။
ဂရုတစိုက်နားကြားလော၊ ဟောပြမည်” ဟု ဗုဒ္ဓက မြွက်ကြားလေသည်။
“ ကောင်းလှပါပြီ ငါ့ရှင်” ဟု ရသေ့ငယ်က သဘောတူလေသည်။

ထိုအခါ ဗုဒ္ဓက ရသေ့အား သစ္စာတရားအကြောင်းကို
ထူကဲစွာ ရှင်းလင်းစွာ ဟောပြတော်မူလေသည်။
ဒေသနာတော်၏ အဆုံးမှာပင်
ပုက္ကုသာတိအမည်ရှိသော ဤရသေ့ငယ်သည်
တရားဓမ္မဖြင့် ၎င်းအား ချီးမြင့်နေသူမှာ
ဗုဒ္ဓကိုယ်တော်တိုင်ပင်ဖြစ်ကြောင်း သိရှာပေသည်။

ထိုကြောင့် ဤနေရာမှ ထ၍ ဗုဒ္ဓရှေ့တော်မှောက်သို့
သွားရောက် ခြေတော်ရင်း၌ ၀တ်တွား ပြီးလျှင် ဗုဒ္ဓအား
မသိမှားယွင်း၍ “ ငါရှင့်” ဟုခေါ်ဝေါ်မိသည်ကို ရှိခိုးတောင်ပန်လေသည်။
ထိုနောက် ရဟန်းအဖြစ်ချီးမြင့်ရန် ခွင့်တောင်းခံလေသည်။
ဗုဒ္ဓက ၎င်းအား သပိတ်နှင့် သင်္ကန်းများ အသင့်ရှိမရှိမေးမြန်းလေသည်။
( ဘိက္ခုတစ်ပါးတွင် သင်္ကန်းသုံးထည်နှင့် ဆွမ်းခံရန် သပိတ်ရှိရမြဲဖြစ်သည်)။

ပုက္ကုသာတိက မရှိကြောင်းပြောသောအခါ ဗုဒ္ဓက တထာဂတမည်သည်
သပိတ်နှင့် သင်္ကန်းမရှိဘဲ ရဟန်းပြုပေးရိုးမဟုတ်ဟု မြွက်ကြားတော်မူလေသည်။
ထိုကြောင့် ပုက္ကုသာတိသည် သပိတ်နှင့် သင်္ကန်း ရှာဖွေရန် ထွက်ခွာသွားခဲ့ရာ
ကံမကောင်းအကြောင်းမလှ၍ နွားမတစ်ကောင်အဝှေ့ခံရပြီးလျှင်
အသက်ဆုံးရရှာလေသည်။

နောက်တွင် ဤ၀မ်းနည်းဖွယ်ရာသတင်းကို ဗုဒ္ဓကြားသိသောအခါ
ပုက္ကုသာတိသည် အကျွတ်တရားရသွားပြီဖြစ်ကြောင်း၊
နိဗ္ဗာန်တံခါးဝအရောက် ပေါက်ရောက်သွားခဲ့ကြောင်း၊
ယခုရောက်သွားသည့် ဘ၀တွင် ရဟန္တာဖြစ်ပြီးနောက်
သံသရာမှ ထွက်မြောက်သွားတော့မည်ဖြစ်ကြောင်း ဟောကြားတော်မူလေသည်။

ပုက္ကုသာတိသည် ဗုဒ္ဓတရားကို နာယူ၍ သဘောပေါက်နားလည်စဉ်က
မည်သူက တရားဟော နေမှန်း၊
မည်သူ၏ ဘာသာအယူဝါဖြစ်မှန်းမသိကြောင်း ဤ၀တ္ထုမှာထင်ရှားပေသည်။
ပုက္ကုသာတိသည် အမှန်တရားကို သိရှိနားလည်သွားပေသည်။

ဆေးစွမ်းက ရောဂါပျောက်ကင်းပေမည်။
ထိုဆေးကို မည်သူဖော်စပ်သည် ဘယ်ကရရှိသည်ဟု
သိနေရန် မလိုတော့ပေ။

မြတ်ဗုဒ္ဓဒေသနာ၊ ဦးကိုလေး

No comments: