Not to do any evil, To do good, To purify the mind.

အမှတ်တံဆိပ်


ဗုဒ္ဓ၀ါဒသည် ကိုးကွယ်သည့် ဘာသာတရားလော၊
ဖီလော်ဆော်ဖီခေါ် ဒဿနိကဗေဒ၊
နာနာနယ ကျိုးကြောင်းပြပညာရပ်တစ်ခုပေလောဟု
မကြာခဏ စစ်ကြောမေးမြန်းကြပေသည်။

မည်သို့ပင်ခေါ်ခေါ် အရေးမကြီးလှပါ။

မည်သည့်အမည်နာမပေးပေး၊ ဗုဒ္ဓ၀ါဒသည် ဗုဒ္ဓ၀ါဒပင် ဖြစ်နေပေသည်။
အမှတ်တံဆိပ်သည် အရာဝင်သော အကြောင်းမဟုတ်။
အရေးမကြီးပါ။ ဗုဒ္ဓဟောကြားတော်မူခဲ့သော
တရားဒေသနာများကို ‘ဗုဒ္ဓ၀ါဒ’ ဟုပေးအပ်ထားသည့်
အမှတ်တံဆိပ်သည်ပင် ရေးကြီးခွင်ကျယ် မဟုတ်လှပါ။

ခေါ်ဝေါ်သည့် အမည်နာမသည်
မရှိမဖြစ်သည့် အကြောင်းတစ်ရပ်မဟုတ်ပါချေ။

ရွှေနှင်းဆီ ဘယ်မည်ပေး၊ မွှေးမပျက်သာ
မည်နာမာ လိုရာရွေး၊ ရေးမကြီးပါ။

ထို့အတူ သစ္စာတရားသည် အမည်တံဆိပ်မလိုပါ။
သစ္စာသည် ဗုဒ္ဓဘာသာပိုင်လည်းမဟုတ်၊
မည်သူတစ်ဦးတစ်ယောက်ပိုင်မျှ မဟုတ်ပေ။
ခရစ်ယန်၊ ဟိန္ဒူ၊ မွတ်ဆလင်ပိုင်လည်းမဟုတ်၊
မည်သူတစ်ဦးတစ်ယောက်ပိုင်မျှ မဟုတ်ပေ။
ဂိုဏ်းအမည် တံဆိပ်များသည် သစ္စာတရားကို လွတ်လပ်စွာ
နားလည်သဘောပေါက်ရန် ဟန့်တားပိတ်ပင်စေသည်။

ထို့အပြင် လူများ၏စိတ်တွင် အကျိုးယုတ်စေသည်
အထင်အမြင်လွဲမှုများကိုလည်း ဖြစ်ပေါ်စေတတ်ပေသည်။

ဗဟုသုတအသိပညာနှင့် ဘာသာရေးကိစ္စများသာ မဟုတ်သေး။
လူမှုရေးရာကိစ္စများတွင်လည်း ဤကဲ့သို့ပင်ဖြစ်တတ်ပေသည်။

ဥပမာ၊
ကျွန်ုပ်တို့သည် လူတစ်ယောက်ကို ဆုံစည်းမိရာတွင်
၎င်းအား လူသားတစ်ဦးဟု မမှတ်ယူဘဲ အင်္ဂလိပ်ပဲ။ ပြင်သစ်ပဲ၊ ဂျာမန်၊
အမေရိကန်၊ ရေ၀တီစသောအမည်တံဆိပ်ကို ခပ်နှိပ်လိုက်ကြပေသည်။

ထို့နောက် ကျွန်ုပ်တို့စိတ်၌ ၄င်းအမည်တံဆိပ်နှင့်
ပူးတွဲစွဲကပ်လျက်ရှိသော လွဲမှားသည့်ယူဆချက်များဖြင့်
ထိုလူအား ကြည့်ရှုပေတော့သည်။

တဖက်သားသူခမျာမှာမူ ကျွန်ုပ်တို့ စွဲလမ်းထင်မှားနေသော
အကြောင်းခြင်းရာများ လုံးဝ ကင်းရှင်းကောင်း ကင်းရှင်းနေပေလိမ့်မည်။

လူအပေါင်းတို့သည် ခွဲခြားခွဲခြားဖြစ်စေသည့် အမှတ်တံဆိပ်များကို
ခုံမင်လာကြရကား လူအားလုံးတို့တွင် တွေ့ရှိနိုင်သည့် ဂုဏ်အရည်အချင်းနှင့်
စိတ်လှုပ်ရှားမှုအရာများကိုပင် လိုက်လံအမှတ်တံဆိပ်များ
ဆွဲကပ်လိုက်ကြပေသည်။

အလှူဒါနပြုခြင်းကို
ဗုဒ္ဓဘာသာအလှူ၊ ခရစ်ယာန်အလှူဟု တံဆိပ်ခွဲခြားတပ်ဆင်လျက်
တံဆိပ်မတူသောအလှူကို အထင်အမြင်သေးလေ့ရှိကြပေသည်။

သို့ရာတွင် ဒါနမှုကို ဂိုဏ်း၊ ဘာသာခွဲ၍ မရစကောင်းပေ။
ဒါနမှုသည် ခရစ်ယန်လည်းမဟုတ်၊
ဗုဒ္ဓဘာသာာ၊ ဟိန္ဒူ၊ မွတ်ဆလင်လည်း မဟုတ်ပေ။

မိမိရင်သွေးအား ချစ်မြတ်နိုးသောမိခင်၏ ချစ်စိတ်သည်
ဗုဒ္ဓဘာသာလည်းမဟုတ်၊ ခရစ်ယန်လည်း မဟုတ်၊
မိခင်မေတ္တာသာလျှင် ဖြစ်ပေသည်။

လူသားတို့ လက္ခဏာအရည်အချင်းနှင့် စိတ်လှုပ်ရှားမှုများဆိုင်ရာ
ချစ်မေတ္တာ၊ အလှူဒါန၊ သနားခြင်း၊ ခွင့်လွှတ်ခြင်း၊
မိတ်ကျွမ်းဝင်ခြင်း၊ အလိုဆန္ဒဖြစ်ခြင်း၊
မုန်းတီးခြင်း၊ ရန်ငြိုးထားခြင်း၊ မိုက်မဲခြင်း (ပညာကင်းမဲ့ခြင်း) နှင့်
မာနထောင်လွှားခြင်းစသည်တို့သည်
ဂိုဏ်းခြားသောအမှတ်တံဆိပ်များမလိုပေ။

မြတ်ဗုဒ္ဓဒေသနာ၊ ဦးကိုလေး
Photo: google search

No comments: