လူအများမှတ်ယူနားလည်နေသည့် အဓိပ္ပါယ်အတိုင်း
ကိုးကွယ်သည့်ဘာသာတရားတစ်ခုကို ပြုစုတည်ထောင်သူတစ်ဦးဟု
ဗုဒ္ဓအားခေါ်ဆိုနိုင်ခွင့်ရှိပါက ကမ္ဘာပေါ်ရှိဘာသာတရားအမျိုးမျိုးကို
တည်ထောင်ခဲ့ကြသောဆရာကြီးများတွင်
ဗုဒ္ဓတစ်ပါးသည်သာလျှင် မိမိကိုယ်ကို
မနုဿ လူသားစင်စစ် ရှင်းရှင်းသာလျှင်ဖြစ်သည်ဟု အခိုင်အမာဆိုခဲ့ပေသည်။
အခြားဆရာကြီးများမှာမူ ဂေါ့ဒ် ဟူသောဘုရားသခင်၊
သို့မဟုတ် ဘုရားသခင်၏ ရုပ်သဏ္ဌာန်လက္ခဏာပုံပန်းအမျိုးမျိုးကို ခံယူသူ၊
သို့မဟုတ် ဂေါ့ဒ်က အားပေးတိုက်တွန်းလိုက်သူများ ဖြစ်ကြပေသည်။
ဗုဒ္ဓသည် မနုဿလူသားတစ်ဦးသာ ဖြစ်ရုံမဟုတ်သေး။
မည်သည့်နတ်ဘုရား၊ အခြားပြင်ပတန်ခိုးရှင်ထံမှ
အားပေးကူညီ တိုက်တွန်းနှိုးဆော်ခြင်းကို
တစ်ဆင့်ခံယူမှု မရှိပေ၊ (တစ်ဆင့်ခံယူသူ မဟုတ်ပေ)။
လူသားတို့၏ လုံ့လ၀ီရိယ၊ လူသားတို့၏ ပဋိသန္ဓေဥာဏ်ဖြင့်သာ
ဗုဒ္ဓသည် ၄င်းရည်မှန်းသော ပန်းတိုင်သို့ရောက်ရှိ၍ လိုအပ်သောဆုလာဘ်များ
(သဗ္ဗညုတရွှေဥာဏ်တော်) ကို မုချအောင်မြင်ခံစားခဲ့ရခြင်းဖြစ်သည်ဟု
အကြောင်းပြပေသည်။ မနုဿယောက်ကျား လူသားသာလျှင်
ဘုရားအဖြစ်သို့ ရောက်ရှိနိုင်လေသည်။
လူတိုင်းလူတိုင်းတွင် တကယ်သာလိုအင်ဆန္ဒရှိ၍ လုံ့လပြုပါက
ဗုဒ္ဓဘုရားဖြစ်နိုင်သောစွမ်းပကားသတ္တိ ရှိကြသည်သာဖြစ်လေသည်။
ဗုဒ္ဓမြတ်ဘုရားကို ထူးကဲကောင်းမွန်လှသော ယောက်ကျားမြတ်
(၀ါ) ဥတ္တမပုရိသ ဟု ခေါ်ဆိုနိုင်ပေသည်။
ဗုဒ္ဓသည် မနုဿလူသားပီသရာတွင် ချွတ်ယွင်းမှု မရှိ။
အပြစ်အနာဆာ ကင်းရှင်းစွာ စေ့ငပြည့်စုံလှသဖြင့်
ကာလရွေ့လျှားလာသောအခါ
အများနားလည်သော ဘာသာရေးကိစ္စရပ်များ၌ လူထက်လွန်ကဲ၍
လူတို့ဓမ္မတာတရားကို လွန်မြောက်သောပုဂ္ဂိုလ်ဟု
ထင်မှတ်ခြင်းကို ခံယူလာရပေတော့သည်။
ဗုဒ္ဓဘာသာတရားတော်အရ လူ့ဘ၀သည် အမွန်မြတ်ဆုံးဖြစ်ပေသည်။
မိမိမှတစ်ပါး အဘယ်သူသည် (မိမိ၏) ကိုးကွယ်ရာ ဖြစ်နိုင်ပါအံ့နည်း၊
(ဓမ္မပဒ ၁၂၊ ၄) ဟု
ဗုဒ္ဓမြတ်ဘုရားက မိန့်ခဲ့လေပြီ။ ၄င်း၏ တပည့်ရဟန်းတို့အား
မိမိကိုယ်သာ အားကိုးကြလေ၊
အခြားတစ်ပါး၌ ကိုးကွယ်ရာ မရှာလေနှင့်
(ဒီဃနိကာယ် ၂၊ မဟာပရိနိဗ္ဗာနသုတ်)
ဟူ၍ သြ၀ါဒပေးခဲ့သေး၏။
လူသတ္တ၀ါသည် ကိုယ်ပိုင်ကြိုးစားမှုနှင့် ပင်ကိုယ်ဥာဏ်အားဖြင့်
အနှောင်အဖွဲ့အားလုံးတို့မှ လွတ်မြောက်နိုင်စွမ်းရှိရကား
ဗုဒ္ဓမြတ်စွာသည် ပုဂ္ဂိုလ်တိုင်းအား မိမိ၏တိုးတက်ရေးနှင့် လွတ်မြောက်ရေးကို
မိမိကိုယ်တိုင် ကြိုးပမ်းယူရန်
အားပေးလှုံ့ဆော် သွန်သင်ဆုံးမတော်မူခဲ့ပေသည်။
သင်တို့ကိုယ်တိုင် အားထုတ်ကြရမည်၊ ဘုရားရှင် (တထာဂတ)တို့သည်
လမ်းကိုသာ ညွှန်ပြကြကုန်၏၊ (ဓမ္မပဒ၊ ၂၀၊ ၄) ဟု
ဗုဒ္ဓရှင်တော်မြတ်က မြွက်ကြားတော်မူ၏။
ဗုဒ္ဓမြတ်ဘုရားအား ကယ်တင်ရှင်ဟု ခေါ်တွင်ရမည်ဆိုပါလျှင်
လွတ်မြောက်ရေးစခန်းဖြစ်သော နိဗ္ဗာန်သို့သွားရာခရီးလမ်းကြောင်းကို
ရှာဖွေတွေ့သူနှင့် လမ်းညွှန်ပြသူအဖြစ်ဖြင့်သာ ခေါ်ဆိုကြရမည်ဖြစ်ပေသည်။
နိဗ္ဗာန်သို့ ဆိုက်ရောက်ရန်မှာမူ ဤခရီးလမ်းကြောင်းအတိုင်း
ကျွန်ုပ်တို့ကိုယ်တိုင် လျှောက်သွားကြရပေမည်။
မြတ်ဗုဒ္ဓဒေသနာ၊ ဦးကိုလေး

No comments:
Post a Comment