မျိုးနွယ်အမည် ဂေါတမ၊ ကိုယ်ပိုင်အမည် သိဒ္ဓတ္ထဟုခေါ်တွင်သော
ဗုဒ္ဓဘုရားရှင်တော်မြတ်သည် ဘီစီ ၆ ရာစုနှစ်အတွင်းတွင်
အိန္ဒိယမြောက်ပိုင်း၌ သက်တော်ထင်ရှား နေထိုင်တော်မူခဲ့ပေသည်။
၎င်း၏ခမည်းတော်သုဒ္ဓေါဒနသည်
သကျမင်းတို့၏ တိုင်းနိုင်ငံ (ယခုနီပေါပြည်)တွင် ဘုရင်မင်းမြတ်ဖြစ်ပေသည်။
မယ်တော်မှာ မာယာမိဘုရားကြီးဖြစ်ပါသည်။
ထိုခေတ်အခါက ဓလေ့ထုံးစံအတိုင်း
သိဒ္ဓတ္ထမင်းသားသည် အသက်ငယ်ရွယ်စဉ် ၁၆ နှစ်သား၌
ချောမောပြေပြစ်၍ သစ္စာတည်တံ့သော မင်းသမီးပျို ယသော်ဓယာနှင့်
ထိမ်းမြားလက်ထပ်ခဲ့လေသည်။
သိဒ္ဓတ္ထမင်းသားကလေးသည် လိုတရနိုင်သော စည်းစိမ်ချမ်းသာဖြင့်
၎င်း၏နန်းတော်ထက်တွင် နေထိုင်တော်မူခဲ့ရ၏။
သို့ရာတွင် ဘ၀၏သဘောအစစ်အမှန်နှင့်
လူလောက၏ ဒုက္ခဆင်းရဲခြင်းများကို တွေ့မြင်သိရှိလိုက်သည်နှင့်တပြိုင်နက်
တစ်လောကလုံးရှိသတ္တ၀ါတို့၏ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးနည်းလမ်းကို
ရှာဖွေရန် ရုတ်တရက် ချက်ချင်း စိတ်ပြဌာန်းချက် ချမှတ်ခဲ့သည်။
တစ်ဦးတည်းသောသားတော်ရာဟုလာကို မွေးဖွားပြီး၍
များမကြာမီ သက်တော် ၂၉ နှစ်အရွယ်တွင်
သိဒ္ဓတ္ထသည် ထီးနန်းကို စွန့်ပစ်ခဲ့၍
ဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးနည်းလမ်းရှာဖွေရန် တောထွက်တော်မူခဲ့လေသည်။
တောထွက်လာသောဂေါတမသည် ဂင်္ဂါမြစ်ဝှမ်းတွင် လှည့်လည်၍
နာမည်ကျော်ကြားသော ဘာသာရေးတရားဟောဆရာများနှင့်တွေ့ဆုံကာ
၎င်းတို့၏နည်းနာနိဿယများကို လေ့လာသုံးသပ်လျက်
ကိုယ်တော်တိုင် ပြင်းပြင်းထန်ထန် အထူးခြုံခြံစွာ ခြောက်နှစ်တိုင်တိုင်
ကျင့်တော်မူခဲ့လေသည်။
ဤကဲ့သို့ လွန်မင်းစွာ ကျင့်ကြံခြင်းဖြင့်
၎င်း၏လိုအင်ဆန္ဒမှာ ပြည့်ဝခြင်းမရှိခဲ့ပေ။
ထို့ကြောင့် အစဉ်အလာအားဖြင့် ဆင်းသက်လာခဲ့သော
သမရိုးကျ ဘာသာဝါဒများနှင့် ကျင့်ကြံနည်းများကို စွန့်ပယ်တော်မူ၍
ကိုယ်တော်တိုင် တရားလမ်းကို ရှာဖွေခဲ့လေသည်။
သို့နှင့် ညနေချမ်းတချိန်ဝယ် နေရဉ္ဇယာမြစ်ကမ်းပါး ဗုဒ္ဓဂယာ
(ယခုဘီဟာနယ် - ဂယာမြို့အနီး) သစ်ပင်တစ်ပင်
(ဤကာလမှစ၍ ထိုသစ်ပင်အား ဗောဓိညောင်ပင်၊
ညောင်ဗုဒ္ဓဟေပင်ဟု ခေါ်တွင်သည်) အောက်တွင်
ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူစဉ်
သက်တော် (၃၅) နှစ်ရွယ်ရှိ ဂေါတမရှင်တော်မြတ်သည်
သဗ္ဗညုတဥာဏ်တော်ကို ရ၍ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။
ထိုမှစ၍ သဗ္ဗညုတဥာဏ်တော်ရှင် ဗုဒ္ဓရှင်တော်မြတ်ဟူ၍
ဘွဲ့တော်ကို ခံယူတော်မူပေသည်။
သဗ္ဗညုတရွှေဥာဏ်တော်ရပြီးနောက် ဗုဒ္ဓဂေါတမသည်
ဗာရာဏသီအနီး ဣသိပတန (ယခု ဆာရ်နသ်) ရှိ
သမင်တို့၏ဥယာဉ်တွင်း၌
ရှေးအခါက တရားကျင့်ဖော်ကျင့်ဖက်ဖြစ်ခဲ့ဘူးသော
ပဉ္စ၀ဂ္ဂီအရှင်တို့အား တရားဦးကို ဟောတော်မူလေသည်။
ထိုမှစ၍ (၄၅) နှစ်ပတ်လုံး ဘုရင်နှင့် ကျေးတောသား၊
ပုဏ္ဏားနှင့်ယာစကာ၊ ဘောဂ၀ါနှင့်သူတောင်းစား၊ ခိုးသားနှင့် လူသူတော်ဟူ၍
မြူတစ်စိတ်မျှ ခွဲခြားတော်မထားဘဲ ယောက်ကျားမိန်းမမဟူ အားလုံးသော
လူအမျိုးအစားတို့အား တရားရေအေးကို တိုက်ကျွေးတော်မူခဲ့လေသည်။
ရှင်တော်မြတ်သည် အမျိုးဇာတိ၊ ရာထူးဂုဏ်သိန်
အဆင့်အတန်းခွဲခြားမှုများကို လက်ခံတော်မမူဘဲ
၎င်း၏မဂ္ဂင်တရားကို သိရှိနားလည်စေရန်
ဆန္ဒရှိ၍ လိုက်နာကျင့်ကြံလိုသူ ယောက်ကျားမိန်းမအားလုံးတို့အား
ဟောကြားတော်မူလေသည်။
အသက်တော် (၈၀) တွင် ကုသိန္နာရုံ (ယခု ဥတာပရာဒေ့ရှ်) ၌
ဗုဒ္ဓရှင်တော်မြတ်သည် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။
ယခုအခါတွင် ဗုဒ္ဓ၀ါဒကို သီဟိုဠ်၊ မြန်မာပြည်၊ ယိုးဒယား၊ ကမ္ဗောဒီးယား၊
လောပြည်၊ ဗီယက်နမ်၊ တိဗက်၊ တရုတ်၊ ဂျပန်၊ မွန်ဂိုလီးယား၊
ကိုးရီးယား၊ ဖော်မိုဆာနှင့် အိန္ဒိယပြည်အချို့အပိုင်း၊
ပါကစ္စတန်၊ နီပေါနှင့် ဆိုဗီယက်ယူနီယံတွင် တွေ့ရှိရပေသည်။
ဗုဒ္ဓဘာသာကိုးကွယ်သူ လူဦးရေပေါင်းမှာ
ကမ္ဘာပေါ်တွင် သန်းပေါင်း (၅၀၀) ကျော်ရှိပေသည်။
မြတ်ဗုဒ္ဓဒေသနာ၊ ဦးကိုလေး

No comments:
Post a Comment